ရုရှားစာရေးဆရာကြီး မက်ဇင်ဂေါ်ကီ၏ ဝတ္ထုကို ပြန်ဆိုထား သော ဆရာမြသန်းတင့်၏ ဤအလကားလူ ဝတ္ထုသည် ၁၉၇၈ ခုနှစ်၊ ဧပြီလကပင် တစ်အုပ်လုံး ဘာသာပြန်ဆိုပြီး ဖြစ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပုံနှိပ်စာမူအဖြစ် ထွက်ရှိလာခြင်းမရှိခဲ့ရာ ယခုနှစ်ပေါင်း ၄၄ နှစ်ကျော်ကြာမှသာ စတင်ထုတ်ဝေနိုင်ခြင်း ဖြစ်ပါသည်။
ဤဝတ္ထု၌ အဓိကဇာတ်ဆောင်မှာ ယက်ဆီကလင်းကော့ဖြစ်၏။ ယက်ဆီကလင်းကော့ လေးနှစ်သားအရွယ်မှာ သူ့အဖေသည် တောအုပ်လက်ချက်ဖြင့် သေနတ်ပစ်ခံရပြီးကွယ်လွန်ခဲ့သည်။နောက်ထပ် သုံးနှစ်အကြာတွင် သူ့အမေလည်း လယ်ထဲတွင် ကောက်ရိတ်နေရင်း ရုတ်တရက် လဲကျပြီးကွယ်လွန်သွားခဲ့၏။ ထိုအချိန်မှ စ၍ယက်ဆီကလင်းကော့၏ မပြေလည်သော ပန်းပဲဆရာဦးလေး ပြိုရ်တာက ယက်ဆီကလင်းကော့အား စောင့်ရှောက်ခဲ့သည်။ ယက်ဆီကလင်းကော့သည် ပြည်သူတစ်ယောက်ဖြစ်သော်ငြားလည်း ပြည်သူနှင့်တစ်သားတည်းမဖြစ်။ ပညာနည်းခြင်း၊ တွေဝေခြင်း၊ ကြောက်ရွံ့ခြင်း စသည်များက ကလင်းကော့နှင့်ပြည်သူကို ပေါင်းစပ်၍မရအောင် စည်းခြားထား၏။
သစ္စာဖောက်အဖြစ် ဖိနှိပ်သူလူတန်းစားနှင့်ပူးပေါင်းမိသွားစေသည်။ ယက်ဆီကလင်ကော့သည် မူလစိတ်သဘောအနေဖြင့် ပြည်သူနှင့်တစ်သားတည်း ဖြစ်လိုဟန်ရှိသော်လည်း ပြည်သူနှင့်အတူတူခံစားရမည့်ဝေဒနာကို ကြောက်၏။ ဇာဘုရင် ပုလိပ်အဖွဲ့၏အပျော်ထမ်းပုလိပ်လိုလို သတင်းပေးလိုလို ဘဝဖြင့် တော်လှန်ရေးသမားများကို ဒုက္ခပေးသည်။ သူ၏ ပြည်သူနှင့်တစ်သားတည်း ဖြစ်လိုစိတ်က ပြည်သူကို ဒုက္ခပေးရန် မရည်ရွယ်သည့်တိုင် သူ၏ တွေဝေစိတ် ကြောက်စိတ်ကတော့ ပြည်သူကို ဒုက္ခလှလှပေးပါ၏။ ဤဝတ္ထု၌ ယက်ဆီကလင်ကော့၏စိတ်အားပြိုင်မှုများ၊ ရုရှားပြည်သူတို့၏ တော်လှန်ရေးခရီးကြမ်းများကို ဖတ်ရှုခံစားနိုင်ကြမည် ဖြစ်သည်။
အချိန်မရှိတော့၊ မစောင့်နိုင်တော့။ ကလင်းကော့သည် ထ,ရပ်ကာ မီးရထားသံလမ်းအတိုင်း စွတ်ပြေးသည်။ စူးရှအက်ကွဲသည့်အသံကြီးဖြင့် 'ကြောက်ပါပြီဗျ၊ ခင်ဗျားတို့ခိုင်းတာကို လုပ်ပါတော့မယ်ဗျ 'ဟု အော်လာသည်။
မီးရောင်နီနီများသည် မီးရထားသံလမ်းများပေါ်သို့ ပြေးလိုက်လာသည်။ တဖြည်းဖြည်းနှင့် ကလင်းကော့ကို မီစပြုလာသည်။ မီးရောင်များသည် သံလမ်းများပေါ်တွင် ပို၍ ရဲလာသည်။ ပို၍တောက်လာသည်။ရဲနေသည့် သံချောင်းနှစ်ချောင်းသည် သူ့ဘေးမှ ညှပ်လိုက်လာကြကာ သူသွားရမည့်လမ်းကို ပြနေကြသကဲ့သို့ ရှိ၏။"
ဤသည်မှာ အလကားလူတစ်ယောက်၏ ဘဝဇာတ်သိမ်းခန်းပင် ဖြစ်ပါတော့သည်။