ဂျက်မား (Jack Ma) ဆိုတဲ့ နာမည်ဟာ မြန်မာစာဖတ်ပရိသတ်အတွက် မစိမ်းတော့ဘူးလို့ ထင်ပါတယ်။
အခု စာအုပ်မှာတော့ တရုတ်နိုင်ငံက လစာ ၁၅ ဒေါ်လာလေးပဲ ရနေတဲ့ ကျောင်းဆရာလေး ဂျက်မားတစ်ယောက် အလီဘာဘာဆိုတဲ့ တရုတ်ပြည်တွင်းက အင်တာနက်ကုမ္ပဏီအသေးလေးကို ဒေါ်လာ ၂၃၀ ဘီလီယံ တန်တဲ့ ကမ္ဘာကျော် ကုမ္ပဏီကြီး ဖြစ်အောင် ဘယ်လို လုပ်ခဲ့တယ်ဆိုတာကို အသေးစိပ် ဖတ်ရမှာပါ။ နောက်ပြီး ကမ္ဘာ့အကြီးဆုံး အင်တာနက်ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ eBay အီးဘေးနဲ့ Yahoo ယာဟူးတို့ကို တရုတ်နိုင်ငံ စျေးကွက်ကနေ ဆုတ်ခွာ ထွက်ပြေးသွားရအောင် ဂျက်မားက ဘယ်လို အနိုင်ယူလိုက်တယ်ဆိုတာတွေကိုလည်း ဖတ်ရမှာပါ။
ဒီစာအုပ်ကို ရေးရတဲ့ ရည်ရွယ်ချက်က မြန်မာလူငယ်တွေကို အင်တာနက်ကုမ္ပဏီတစ်ခု ထူထောင်ပြီး ကမ္ဘာ့စျေးကွက်ကို ထိုးဖေါက်နိုင်ခဲ့ရင် ဘီလျံနာသူဋ္ဌေးတစ်ယောက် ဖြစ်အောင် လုပ်လို့ရတယ်ဆိုတာကို သိစေချင်တာပါ။ နောက်ပြီး ဂျက်မားရဲ့ သူ့ခေါင်းထဲ ပေါ်လာတဲ့ အကြံတစ်ခုကို အခက်အခဲပေါင်းစုံကြားက ၁၅ နှစ်တိုင်တိုင် ဇွဲမလျှော့ဘဲ ကြိုးစားခဲ့ပုံကိုလည်း မြန်မာလူငယ်တွေကို အတုယူစေချင်ပါတယ်။
၁၉၉၀ ပြည့်နှစ်ကျော်လောက်က တရုတ်နိုင်ငံမှာ အင်တာနက် တဟုန်ထိုး တိုးတက်လာတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာလည်း မကြာခင် မလွဲမသွေ ရောက်လာတော့မှာပါ။ အဲဒီအခါကျရင် ဒီစာအုပ်ကို ဖတ်ထားသူအတွက် အခွင့်အလမ်းတွေကို မြင်သိနေပြီး ဖြစ်မှာပါ။ ဒါ့ပြင် တရုတ်နိုင်ငံက ကမ္ဘာကို စီးပွားရေးတံခါးဖွင့်ပေးလိုက်ချိန်မှာ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာကြပုံ၊ ကုမ္ပဏီကြီးတွေရဲ့ စျေးကွက်လု ယှဉ်ပြိုင်ကြပုံတွေကိုလည်း ဖတ်ရမှာမို့ မြန်မာနိုင်ငံကိုလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်လာရင် ဘာလုပ်ရမယ်ဆိုတာတွေ၊ ပြိုင်ဖက်ကို ယှဉ်ပြိုင်ရမယ့် နည်းဗျူဟာတွေကို သိနေပါလိမ့်မယ်။
အထူးသဖြင့် e-commerce လို့ ခေါ်တဲ့ အင်တာနက် အွန်လိုင်းကနေ ပစ္စည်းရောင်းဝယ်တဲ့ လုပ်ငန်းလုပ်ချင်သူ၊ လက်ရှိလုပ်နေသူတွေအတွက် ဒီစာအုပ်ကို ဖတ်ထားမယ်ဆိုရင် မိမိပြိုင်ဖက်ထက် ခေါင်းတစ်လုံး သာပါလိမ့်မယ်