• bb9e3904a834601fdf97cfbab0212b40
  • fa58075eb56b16790b4dd1a91d2dc399
  • 1f611ab81d9bc1508a164486b753e6b6
1

တာတေစနေသား (ဦးနု) Burmese Book

Regular price
RM 39.00
Sale price
RM 39.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

စန်းစန်းနု၊ မောင်သောင်းထိုက်၊ မောင် အောင်၊ သန်းသန်းနု၊ ချိုချိုနုတို့။ တာတေ စနေသားခေါ် မင်းတို့ရဲ့ဖေဖေ

ဦးနုဟာ အော့ကြောလန်မျိုး၊ လူဆိုးလူပွေ၊ တာတေဘဝမှ လူကောင်းဘဝသို့ ရောက်လာ အောင် အပြင်းအထန် ကြိုးစားခဲ့ရတဲ့ လူတစ် ယောက်ဖြစ်တယ်။ မင်းတို့ရဲ့ဖေဖေ ဦးနုဟာ မကောင်းတာတွေကိုလည်း လုပ်ခဲ့တယ်။ ကောင်း တာတွေကိုလည်း လုပ်ခဲ့တယ်။ မင်းတို့ဟာ မင်းတို့ ဖေဖေလုပ်ခဲ့တဲ့ မကောင်းတာတွေကို အထူးရှောင် ပြီး ကောင်းတာတွေကို ကြိုးစားလုပ်ကြမယ်ဆိုရင်

ဒီစာအုပ်ကို ရေးရတာ ရေးရကျိုးနပ်ပြီ။ ဒီစာအုပ်ဟာ မင်းတို့အတွက် တမင် သက်သက် ရေးလိုက်တဲ့စာအုပ် ဖြစ်တယ်။

မောင်နု (စာရေးသူ

လူငယ်တွေကို ဖတ်စေချင်မိတဲ့ စာအုပ်တစ်အုပ် (သို့) 'တာတေစနေသား'

========================

'တာတေစနေသား' ဆိုတဲ့ ဒီစာအုပ်ကို ကျွန်တော် ကိုမြေမှုန်လွင်ဆီက လက်ဆောင်ရခဲ့တာပါ။ 'ဖာရာရီလမ်းခွဲ'စာအုပ်ထုတ်တုန်းက Yangon Book Plaza မှာရှိတဲ့ သူ့ရုံးခန်းကို သွားဖြစ်ရင်း ကျွန်တော် လက်ဆောင်ရခဲ့တာပါ။ သွားတိုင်း စာအုပ်လက်ဆောင်ပေးလွန်းလို့ အားနာပြီး သူမသိအောင် ကိုယ့်ဘာသာ စာအုပ်ဆိုင်ထဲ ဝင်ဝယ်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ကတော့ မှတ်မှတ်ရရ သူ လက်ဆောင်ပေးတာပါ။ ပြီးတော့ ဒီစာအုပ်အကြောင်း သူ ခဏခဏညွှန်းတာလည်း ကြားဖူးတော့ ဖတ်မယ်လို့ စိတ်ထဲ တေးထားတာ ကြာပါပြီ။ စာအုပ်ကြီးက ၃၃၉ မျက်နှာရှိပြီး ဆိုဒ်ကလည်း အကြီးကြီးဆိုတော့ နေ့ရွှေ့ညရွှေ့လုပ်နေတာ အခု ဇူလိုင်လမှပဲ ဖတ်ဖြစ်တော့တယ်။ ဖတ်ဖြစ်တော့လည်း လက်ကသိပ်မချချင်ဘူး။ မျက်လုံးညောင်းတဲ့အခါနဲ့ အခြားအလုပ်‌တွေ ရှိတဲ့အခါလောက်ပဲ နားပြီး ကျန်တဲ့ အချိန်တွေမှာ ဖတ်ဖြစ်တယ်။ ဒီနေ့တော့ ဒီစာအုပ်ကို ဖတ်လို့ ပြီးသွားခဲ့ပါပြီ။ ဖတ်ပြီးပြီးချင်း အခြားလူတွေကို ဖတ်စေချင်တဲ့ စိတ်လည်း ဖြစ်ပေါ်လာမိတယ်။ ဒါကြောင့် ဒီညပဲ ဒီစာကို ရေးတင်လိုက်တာပါ။

ဦးနုနဲ့ ပတ်သက်ရင် ကိုယ့်စိတ်ထဲ စွဲစွဲထင်ထင် ကျန်နေတာကတော့ မိတ္တဗလဋီကာ စာအုပ်ပါပဲ။ ကျန်တဲ့စာအုပ်တွေ သိပ်မဖတ်ဖူးခဲ့ပါဘူး။ မိတ္တဗလဋီကာ စာအုပ်ဟာ ဘာသာပြန်စာအုပ်တစ်အုပ်ဆိုပေမဲ့ ဘာသာပြန်လို့ မထင်ရလောက်အောင် ဖတ်လို့ကောင်းတဲ့ (ဘာသာပြန်သည့်ပုံစံ ကောင်းခြင်းကိုဆိုလိုသည်)စာအုပ်တစ်အုပ်ပါ။ အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ညွှန်းဆိုခဲ့ပြီးပြီဖြစ်လို့ ဒီနေရာမှာ ထပ်မပြောတော့ပါဘူး။ ဒီ 'တာတေစနေသား' စာအုပ်ထဲမှာတော့ ဦးနုရဲ့ ငယ်ဘဝကနေ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့ (ဦးနေဝင်းက အာဏာသိမ်းလိုက်တဲ့နေ့) အထိ ဦးနုကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံရေး အရှုပ်ထုတ်တွေ၊ လွတ်လပ်ရေးရပြီးကာစ မြန်မာပြည် အခြေအနေတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဦးနုကောင်းကြောင်းကြီးပဲ ရေးထားတာ မဟုတ်ပါဘူး။ သူမကောင်းတာတွေကိုလည်း ပေါ်ပေါ်တင်တင်

ရေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ သူ့ကိုယ်သူလည်း ကောင်းတယ်လို့ လုံးဝ မရေးထားပါဘူး။ ၁၉၂၀ ဝန်းကျင်ကနေ ၁၉၆၀ ဝန်းကျင်လောက် အထိ ဖြစ်ပျက်ခဲ့သမျှ မြန်မာနိုင်ငံရဲ့ သမိုင်းတွေကို သိချင်တဲ့ လူငယ်တွေဆိုရင် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

လူငယ်တွေကို နိုင်ငံရေး စိတ်ဝင်စားဖို့ ခဏခဏ ကျွန်တော်တိုက်တွန်းနေသလို ကျွန်တော်ကိုယ်တိုင်လည်း မသိတာတွေကို လိုက်လံ ရှာဖွေ ဖတ်ရှုနေဆဲဖြစ်ပါတယ်။ ဒီတစ်အုပ်ထဲဖတ်ပြီး လွတ်လပ်ရေးမရမီကာလနဲ့ လွတ်လပ်ရေးအလွန်ကာလတွေအကြောင်း နှံ့စပ်ပြည့်စုံသွားမယ်လို့ ကျွန်တော် မပြောလိုပါဘူး။ အခြားစာအုပ်တွေ အများကြီး ဖတ်ဖို့လိုဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလမှာ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေခဲ့လဲ၊ ဘာကြောင့် ဖြစ်ခဲ့တာလဲ၊ ဦးနု ဘာတွေမှန်ခဲ့လဲ၊ ဦးနု ဘာတွေ မှားခဲ့လဲ စသဖြင့် သင်ခန်းစာတွေ အများကြီးရမဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါ့အပြင် ထပ်ပြီး စိတ်ဝင်စားဖို့ကောင်းတာက ဒီစာအုပ်ဟာ မြန်မာနိုင်ငံမှာ ထုတ်ဝေခွင့်ရဖို့ ၃၃ နှစ်တောင် စောင့်ဆိုင်းခဲ့ရတဲ့ အချက်ပါပဲ။ ဦးနုဟာ သူ့ရဲ့စာမူ စာအုပ်အဖြစ် ထွက်ရှိလာတာကိုတောင် မြင်ခွင့် မရလိုက်ခဲ့ပါဘူး။ ဦးနုဟာ သူ့ရဲ့အမှားတွေကို လူငယ်တွေ သင်ခန်းစာယူပြီး သူ့ထက်ပိုတော်ပိုကောင်းတဲ့ အနာဂတ်လူငယ်တွေ ပေါ်ထွန်းလာစေချင်ခဲ့ပေမဲ့ 'တာတေစနေသား'ဟာ ခေတ်အဆက်ဆက် စာပေစိစစ်ရေးရဲ့ ပယ်ချခြင်းကို ခံခဲ့ရပါတယ်။ စာပေစိစစ်ရေး ဖျက်သိမ်းပြီးမှသာ စာအုပ်ထုတ်ဝေခွင့်ရခဲ့တာဖြစ်ပါတယ်။ ဦးနု မြန်မာပြည်ကို ပြန်ရောက်တဲ့ ခုနှစ်ဟာ ၁၉၈၀ ခုနှစ်ဖြစ်ပြီး စာအုပ်ထုတ်ခွင့်ရတဲ့ နှစ်ဟာ ၂၀၁၂ ခုနှစ် နှောင်းပိုင်းဖြစ်လို့ ကြားထဲမှာ ၃၃ နှစ် ခန့်တောင် စောင့်ဆိုင်းခဲ့ရတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ တကယ်တမ်းမှာ ဒီစာအုပ်ဟာ ၁၉၆၉ ဝန်းကျင်လောက်က ရေးခဲ့တဲ့စာအုပ်ဖြစ်လို့ ရေးပြီးချိန်နဲ့ စာအုပ်ထွက်ချိန်ကြားမှာ ၄၄ နှစ်လောက် ကြာမြင့်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

သူ့အမှားတွေကနေ သင်ခန်းစာ ရပါစေတော့လို့ ဦးနုရည်ရွယ်ခဲ့တဲ့ 'လူငယ်' ဆိုသူတွေဟာ အဲဒီအချိန်ကာလအတွင်းမှာ ဦးနုရဲ့ စာအုပ်ကို ဖတ်ခွင့်မရခဲ့ကြဘဲ အခု ၂၀၂၀ လောက်မှာ အဘိုး၊ အဘွား အရွယ်တွေတောင် ဖြစ်နေကု်နကြပါပြီ။ စာအုပ်ကောင်း တစ်အုပ် ၄၄ နှစ်လောက် တိမ်မြုပ်ခဲ့ခြင်းကို ကျွန်တော်ကတော့ စာဖတ်သူ တစ်ယောက်၊ သမိုင်းကို သိချင်သူတစ်ယောက်၊ ရှေးကလူတွေ မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာ ယူချင်သူ တစ်ယောက်အနေနဲ့ နှမြောမိပါတယ်။ အခု ကျွန်တော် ဖတ်တဲ့ စာအုပ်မှာတော့ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းလို့ ရေးထားတာကို တွေ့ရပါတယ်။ ဒီလိုစာအုပ်မျိုးကို အုပ်ရေ သိန်းဂဏန်း၊ သန်းဂဏန်းအထိ ရောင်းချရတဲ့ စာအုပ်မျိုး ဖြစ်စေချင်ပါတယ်။ (သိရသလောက်တော့ သောင်းဂဏန်းလောက် ရောင်းချပြီးပါပြီ)

ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဒီစာအုပ်လေးကို လူငယ်တွေ ဝယ်ဖတ်ကြည့်စေချင်ပါတယ်။ ဖတ်ပြီးတဲ့ လူတွေလည်း ရှိမှာပါ။ ဒီစာကတော့ မဖတ်ရသေးတဲ့ လူငယ်တွေကိုသာ ရည်ရွယ်ပါတယ်။ နောက်ပြီး ဒီစာအုပ်တစ်အုပ်တည်းနဲ့ ၁၉၂၀ ကနေ ၁၉၆၀ ဝန်းကျင် နိုင်ငံရေးအကြောင်း စုံစုံလင်လင် သိသွားမယ်လို့ ကျွန်တော် မဆိုလိုဘူးဆိုတာလည်း ထပ်ပြီး ပြောချင်ပါသေးတယ်။ စာအုပ်တစ်အုပ်တည်း၊ စာရေးသူ တစ်ယောက်တည်းရဲ့ အာဘော်နဲ့ သမိုင်းဆိုတာကို စုံစုံလင်လင် ရှုထောင့်ပေါင်းစုံက မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီစာအုပ်ဖတ်ပြီးတဲ့အခါ မြန်မာ့သမိုင်း ၊ နိုင်ငံရေး သမိုင်းနဲ့ ပတ်သက်တဲ့ အခြား စာအုပ်တွေလည်း ဖတ်ချင်စိတ်ပေါ်လာမယ်ဆိုရင် ဒီစာအုပ်လေးကို ညွှန်းရကျိုးနပ်မိမှာပါ။ နောက်ပြီး ဒီလိုစာအုပ်မျိုးဟာ အာဏာရှင်အစိုးရ လက်အောက်မှာဆို ဖတ်ခွင့်ရမဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။

#မိုးရှင်း (I.M.T)

စာမျက်နှာ-၃၃၉

စာရေးသူ- ဦးနု

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။