ဟင်နရီဖို့ဒ် (၁၈၆၃ ဇူလိုင် ၃၀ – ၁၉၄၇ ဧပြီ ၇) သည် အမေရိကန် ဖို့ဒ်မော်တော်ကား ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်သည့်အပြင် မျက်မှောက်ခေတ် ကုန်ပစ္စည်းများ စီးပွားဖြစ်ထုတ်လုပ်ရာတွင် စွမ်းအားတိုးမြင့်ရေးအတွက် ပိုမိုလျှင်မြန်သည့် စက်ပစ္စည်းစနစ်တကျတပ်ဆင်မှုနည်းလမ်း (assembly line) ကို စတင်အသုံးပြုခဲ့သူဖြစ်သည်။ ဟင်နရီဖို့ဒ်အား မော်တော်ကားတီထွင်သူအဖြစ် မကြာခဏ ထင်မှတ်မှားတတ်ကြသည်။ သူသည် မော်တော်ကားလုပ်ငန်းကို တော်လှန်ပစ်သည့် တီထွင်အားကောင်းသူတစ်ဦးဖြစ်သည်။
ဖို့ဒ်သည် စီးပွားရေးလုပ်ထုံးလုပ်နည်းတို့ကို အောက်ခြေမှ တော်လှန်ပြောင်းလဲခဲ့ရာ မော်တော်ကားများသာမက လူသားတို့ဘ၀အတွက် အခြားအရေးပါသော အဓိက ကုန်ပစ္စည်းတွေကိုလည်း လူတိုင်းဝယ်ယူသုံးစွဲလာနိုင်လေသည်။ ၂၀ ရာစုကို လှည့်ပြောင်းစေခဲ့သည့် အမေရိကန်နိုင်ငံ၏ ထိပ်တန်းစက်မှုလပ်ငန်းရှင်တစ်ဦးအဖြစ် ဟင်နရီဖို့ဒ်ကို ကမ္ဘာအနှံ့ သိမှတ်ဂုဏ်ပြုထားကြလေသည်။